ဆန်နီ လမ်မန်းစ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာ ပထမဆုံး ရာသီကို အကောင်းဆုံး ဖြတ်သန်းနေသူ ဖြစ်ပါတယ်။ ဒီလို လက်စွမ်းပြနေတဲ့ ဘယ်လ်ဂျီယံ ဂိုးသမား အနေနဲ့ အသင်းရဲ့ ရေရှည် အားကိုးရမယ့် မဏ္ဍိုင် တစ်ခု ဖြစ်လာလိမ့်မည်ဟု ရီယို ဖာဒီနန်က ရှုမြင်နေတာ ဖြစ်ပါတယ်။
ရီယို ဖာဒီနန်က ဆန်နီ လမ်မန်းစ် အနေနဲ့ လာမယ့် ဆယ်စုနှစ် အတွင်း မန်ချက်စတာယူနိုက်တက်ရဲ့ နံပါတ် တစ် ဂိုးသမား နေရာကို အပိုင် ဆုပ်ကိုင်ထားနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ လမ်မန်းစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကမှ ဘယ်လ်ဂျီယံ ကလပ် ရွိုင်ရယ် အန့်တ်ဝပ် ကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ်ရှိ ဘယ်လ်ဂျီယံ ဂိုးသမားဟာ ဒီရာသီမှာ သရဲနီတွေ အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၃၀ အထိ ပါဝင် ကစားပေးထားပါတယ်။ လမ်မန်းစ်က ဂိုးဖြစ်လုနီးပါး အခြေအနေတွေကို ကာကွယ်နိုင်မှု အပိုင်းမှာ ၆.၃ ကြိမ်နဲ့ ဘရိုက်တန် ဂိုးသမား ဘတ် ဗာဘရက်ဂျန် (၆.၅ ကြိမ်) ပြီးရင် လိဂ် အတွင်း ဒုတိယအဆင့်မှာ ရပ်တည်နေပါတယ်။
လမ်မန်းဟာ ငယ်ရွယ်သေးတဲ့ အတွက် သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး အချိန်တွေက ရှေ့မှာ ကျန်ရှိနေသေးပြီး၊ ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန် ကလည်း အဆိုပါ ဂိုးသမားရဲ့ အလားအလာ အပေါ် ဘယ်လိုမှ သံသယ မရှိပါဘူး။ “သူ ယူဆောင်လာပေးတဲ့ တည်ငြိမ်မှု၊ သူ ကာကွယ်ပေးခဲ့တဲ့ ဂိုးပေါက်တွေနဲ့ အသင်း အပေါ် သက်ရောက်မှု ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အရေအတွက်တွေကို ကိန်းဂဏန်းတစ်ခုတည်းနဲ့ တန်ဖိုးဖြတ်လို့ ရမယ် မထင်ပါဘူး။” လို့ ဖာဒီနန်က ‘Rio Ferdinand Presents’ ပေါ့ဒ်ကတ်စ် မှာ ပြောကြားခဲ့ပါတယ်။
“သူဟာ တကယ့်ကို ပြောင်မြောက်ခဲ့သလို ငယ်လည်း ငယ်သေးတယ်။ အဲဒါကပဲ ကျွန်တော် သူ့ကို သဘောအကျဆုံး အချက်ပါပဲ။ သူက ငယ်သေးတယ်၊ နောက်ထပ် အတွေ့အကြုံတွေ အများကြီး ရဦးမှာ ဖြစ်သလို အခုအချိန်က စပြီး ပိုကောင်းလာဖို့ပဲ ရှိပါတယ်။”
“သူ ကောင်းကောင်း ကစားနိုင်သည် ဖြစ်စေ၊ ဆိုးဆိုးကစားနိုင်သည် ဖြစ်စေ သူဟာ ပုံမှန် အဆင့် တစ်ခုကို ထိန်းထားနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ အင်မတန် အမြော်အမြင် ရှိပြီး ဘယ်လို အရာမျိုးကိုမဆို စိတ်လှုပ်ရှားပြီး အာရုံပျက်သွားမယ့်သူမျိုး မဟုတ်ပါဘူး။”
“ကျွန်တော့် အမြင်အရတော့ သူဟာ လာမယ့် ၁၀ နှစ်အတွင်း မန်ချက်စတာယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာပါလိမ့်မယ်။ သူဟာ ဒီရာသီမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေ ကနေ တစ်ဆင့် အသင်းကို အကောင်းဆုံး ပြန်လည် တည်ဆောက်ဖို့ အတွက် ခိုင်မာတဲ့ အုတ်မြစ် တစ်ခုကို ချပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။” လို့ ဖာဒီနန်က ဆိုပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲသာ ကျန်ရှိတော့ချိန်မှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ယူနိုက်တက်ဟာ ရာသီ မကုန်ဆုံးမီ နော့တင်ဟမ်ဖောရက်စ်၊ ဘရိုက်တန် တို့နဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ရမှတ် ၆၅ မှတ်နဲ့ အတူ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အဆင့် ၆ နေရာက အသင်းက ၁၀ မှတ် ဖြတ်ထားနိုင်တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က လက်ကျန် ၂ ပွဲစလုံး ရှုံးနိမ့်ခဲ့ရင်တောင် အဆင့် ၃ နေရာနဲ့ ရာသီသိမ်းနိုင်ခြေ ရှိနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


