ဘယ်လွန်ဒေါဆု အာဂျင်တီးနား ဂန္ထဝင် ကစားသမား လီယွန်နယ် မက်ဆီ ကတော့ တနင်္ဂနွေနေ့က အင်တာမိုင်ယာမီ အတွက် ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။ မက်ဆီ အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် သူ့ရဲ့နောက်ဆုံး ကလပ် အသင်း ပွဲစဉ်ကို ပြီးဆုံးအောင် ကစားနိုင်ခြင်း မရှိခဲ့တာပါ။
ဖီလာဒဲလ်ဖီးယား ယူနီယံနဲ့ ကစားခဲ့တဲ့ အင်တာမိုင်ယာမီရဲ့ လိဂ်ပွဲစဉ် ၇၃ မိနစ်မှာ မက်ဆီ တစ်ယောက် ကွင်းထဲက ထွက်ခွာသွားခဲ့ရပြီး၊ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ အသင်းက ၆-၄ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မက်ဆီဟာ ဖရီးကစ် တစ်လုံး ကန်တင်ပြီး နောက်ပိုင်း သူ့ရဲ့ ခြေထောက်နောက်ဘက်ကို ကိုင်ကာ လူစားလဲပေးဖို့ မိုင်ယာမီ အရန်ခုံတန်းဆီ အချက်ပြ တောင်းဆိုခဲ့တာပါ။ သူဟာ ကွင်းထဲကနေ အမြန်ဆုံး ထွက်ခွာလာပြီး အဝတ်လဲခန်းထဲကို တန်းစီ ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အချိန်ထိတော့ မက်ဆီရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ကလပ် အသင်း ဘက်က တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ဖို့ ၁၈ ရက် အလိုမှာမှ ဒဏ်ရာရရှိခဲ့တာကြောင့် အသက် ၃၈ နှစ် အရွယ် ကစားသမားကြီး အတွက် စိုးရိမ်ပူပန်စရာတွေ ရှိနေမှာ အသေအချာပါပဲ။ ပွဲအပြီးမှာတော့ မက်ဆီနဲ့ သူ့ရဲ့ မိုင်ယာမီ အသင်းဖော် ရိုဒရီဂို ဒီပေါလ် တို့ဟာ အင်တာမိုင်ယာမီရဲ့ ပုံမှန်လေ့ကျင့်ရေး အစီအစဉ် အပြင် ကမ္ဘာ့ဖလား အတွက် သီးသန့် ပြင်ဆင်မှုတွေပါ ပူးတွဲ ပြုလုပ်ပြီးနောက်၊ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ကန်းဆက်စီးတီးမှာ ပြုလုပ်မယ့် အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား အကြို လေ့ကျင့်ရေးစခန်းဆီ သွားရောက် ပူးပေါင်းဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ပြိုင်ပွဲကာလ အတွင်းမှာ အသက် ၃၉ နှစ်ထဲကို ရောက်ရှိမယ့် မက်ဆီဟာ အခုထက်ထိ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ကစားမယ်လို့ ထုတ်ဖော် ပြောကြားထားခြင်း မရှိသေးပါဘူး။ မက်ဆီက သူ့ရဲ့ ကြံ့ခိုင်မှုက တကယ်ပဲ ၁၀၀ ရာခိုင်နှုန်း ပြည့်ဝရဲ့လား ဆိုတာကို သိရအောင် နောက်ဆုံး စက္ကန့်အထိ စောင့်ကြည့်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး တနင်္ဂနွေနေ့က ရရှိခဲ့တဲ့ ဒဏ်ရာကြောင့်တော့ ဒီအစီအစဉ်ဟာ အခက်အခဲ ဖြစ်သွားနိုင်ပါတယ်။ တကယ်လို့သာ မကစားနိုင်တော့ဘူး ဆိုရင် သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ပွဲစဉ်ဟာ လွန်ခဲ့တဲ့ ၄ နှစ်က ကာတာနိုင်ငံမှာ ပြင်သစ်အသင်းကို အနိုင်ယူပြီး ချန်ပီယံဆုဖလား ကိုင်မြှောက်ခဲ့တဲ့ အခိုက်အတန့် ဖြစ်သွားမှာပါ။
အာဂျင်တီးနား နည်းပြ လီယွန်နယ် စကယ်လိုနီ ကလည်း အခုချိန်ထိ ကမ္ဘာ့ဖလား အတွက် အပြီးသတ် ၂၆ ယောက် လူစာရင်းကို ထုတ်ပြန်ခြင်း မရှိသေးဘဲ မေလ ၂၈ ရက်နဲ့ ၃၀ ရက် အကြားမှာ ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ နိုင်ငံအားလုံး အနေနဲ့ ဇွန်လ ၂ ရက်နေ့ထက် နောက်မကျဘဲ လူစာရင်းကို အတည်ပြုရမှာ ဖြစ်လို့ ဇွန်လ ၆ ရက်နဲ့ ၉ ရက်နေ့တွေမှာ ဟွန်ဒူးရပ်စ်၊ အိုက်စလန် တို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား အကြို ခြေစမ်းပွဲတွေ မတိုင်ခင် စကယ်လိုနီ အနေနဲ့ အသင်းကို အပြီးသတ် စုဖွဲ့ထားရမှာပါ။ အာဂျင်တီးနား လက်ရွေးစင် အသင်းဟာ ဇွန်လ ၁၆ ရက်နေ့မှာ အဲလ်ဂျီးရီးယား အသင်းနဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ်ကို စတင် ကစားရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ ပြိုင်ပွဲကြီးတွေမှာ ဖြစ်ပွားလေ့ ရှိတဲ့ မက်ဆီရဲ့ ဒဏ်ရာ ရာဇဝင်

အင်တာမိုင်ယာမီ အသင်းရဲ့ ဆေးအဖွဲ့နဲ့ နည်းပြအဖွဲ့တွေ ဘက်က မက်ဆီရဲ့ လက်ရှိ အခြေအနေကို အတည်ပြုခြင်း သို့မဟုတ် တရားဝင် ဆေးစစ်ချက် ထုတ်ပြန်ခြင်း မရှိသေးတာကြောင့် သူ့ရဲ့ ကမ္ဘာ့ဖလား ပါဝင်ခွင့်ကတော့ လုံးဝ ပျက်ပြယ်သွားပြီလို့ မဆိုနိုင်သေးပါဘူး။
အင်တာမိုင်ယာမီ အသင်းရဲ့ ယာယီ နည်းပြ ဂီလာမို ဟိုယို့စ်က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ “မက်ဆီရဲ့ အခြေအနေဟာ ဒဏ်ရာ ပြင်းထန်တာမျိုး မဟုတ်ဘဲ မိုးရွာသွန်းမှုကြောင့် ကွင်းမျက်နှာပြင် လေးလံနေတာကြောင့် ဖြစ်လာတဲ့ မောပန်း နွမ်းနယ်မှုသာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ တခြားသတင်းတွေ အရလည်း မက်ဆီက သူ့ရဲ့ ကြွက်သားတွေ တင်းလာတယ်လို့ ခံစားရတာကြောင့် ကြိုတင် ကာကွယ်တဲ့အနေနဲ့ လူစားလဲခဲ့တာလို့ ဖော်ပြနေကြပါတယ်။
မက်ဆီဟာ နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာ ပြိုင်ပွဲကြီး ဖြစ်တဲ့ ၂၀၂၄ ကိုပါအမေရိက ဗိုလ်လုပွဲ မှာလည်း ညာဘက်ခြေကျင်းဝတ် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာကြောင့် ကိုလံဘီယာကို အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ ပွဲစဉ်မှာ ၆၆ မိနစ်သာ ကစားနိုင်ခဲ့ပါတယ်။ အသင်း တစ်သင်း အနေနဲ့ ကြည့်ရင် အာဂျင်တီးနားဟာ မက်ဆီ မပါရင်တောင် ဆုဖလား အတွက် ရေပန်းစားနေဦးမှာ ဖြစ်ပေမယ့်၊ ကမ္ဘာ့အကောင်းဆုံး ကစားကွက် ဖန်တီးရှင်နဲ့ ဂိုးသွင်းရှင် တစ်ဦး လျော့နည်းသွားမှာ ကတော့ ငြင်းလို့ မရတဲ့ ကိစ္စပါ။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ အနေနဲ့လည်း ဒီဂန္ထဝင် ကစားသမားကြီးရဲ့ ဆဋ္ဌမ အကြိမ်မြောက် ကမ္ဘာ့ဖလား ပွဲစဉ်ကို ရှုစားရမယ့် အခွင့်အရေး ဆုံးရှုံးသွားနိုင်ပါတယ်။
လက်ရှိအချိန်ထိတော့ မက်ဆီဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အပြည့် ရှိနေခဲ့ပြီး သူ့ရဲ့ ကစားဟန် ကလည်း အထူးကောင်းမွန်နေခဲ့တာကြောင့် ကစားသမားဘဝ နေဝင်ချိန်ကို ရောက်နေပြီ ဆိုပေမယ့် ခြေစွမ်းကျဆင်းသွားမယ့် အရိပ်အယောင်မျိုး လုံးဝမပြသခဲ့ပါဘူး။ အမေရိကန် မေဂျာလိဂ်ရဲ့ အဖိုးတန်ဆုံး ကစားသမားဆု (MVP) ကို နှစ်ကြိမ် ဆက်တိုက် ရရှိထားတဲ့ မက်ဆီဟာ အခုရာသီ ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၁၃ ဂိုးသွင်း၊ ၇ ဂိုး ဖန်တီးပေးထားနိုင်တာကြောင့် ၂၀၂၆ ခုနှစ်ရဲ့ MVP ဆုကို ရရှိဖို့လည်း ထပ်မံ ရေပန်းစားနေသူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


