ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ် ကတော့ နည်းပြ တာဒက်စကိုကို ထုတ်ပယ်ခဲ့ပြီးနောက် လစ်လပ်နေသည့် နည်းပြ ရာထူး အတွက် ရူဒီ ဂါစီယာကို ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အထိ ခန့်အပ်ခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းကို အသင်းခေါင်းဆောင်ဟောင်း နာမည်ကျော် ကစားသမား အီဒင် ဟာဇက်က လက်ထောက် နည်းပြ အဖြစ် တာဝန် ကိုင်တွယ်သွားဖို့လည်း ရှိနေပါတယ်။
ရူဒီ ဂါစီယာ ကတော့ ပြင်သစ် ကလပ်တွေ ဖြစ်တဲ့ စိန့်အက်တီယန်နီ၊ ဒီယွန်း၊ လီမန်းစ်၊ လိုင်လီ၊ မာဆေးလ်၊ လိုင်ယွန် တို့ကို ကိုင်တွယ်ခဲ့ဖူးပြီး စီးရီးအေ ကလပ် ရိုးမားနဲ့ နာပိုလီ အပြင် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ မှာလည်း နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ဂါစီယာက ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းက သူ့အတွက် ပထမဦးဆုံး နိုင်ငံ့ လက်ရွေးစင် အသင်း အတွေ့အကြုံလည်း ဖြစ်လာမှာပါ။ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း နည်းပြ အဖြစ် ခန့်အပ်ခံရပြီးနောက် ရူဒီ ဂါစီယာက အသင်းခေါင်းဆောင်ဟောင်း အီဒင် ဟာဇက်ကို လက်ထောက် နည်းပြ အဖြစ် ခန့်အပ်သွားမှာ ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ ဂါစီယာနဲ့ ဟာဇက် တို့ကတော့ ပြင်သစ် ကလပ် လိုင်လီမှာ အတူတကွ လက်တွဲခဲ့ဖူးသူတွေ ဖြစ်ပြီး လက်ရှိ မှာတော့ ဆရာတပည့် ပြန်လည် တွေ့ဆုံကာ အသင်းကြီး တစ်သင်းကို ကိုင်တွယ်ကြရတော့မှာလည်း ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်လို့ ဂါစီယာက “ကျွန်တော် အီဒင်နဲ့ စကားတွေ အများကြီး ပြောဖြစ်ပါတယ်။ သူက ၂၀၂၆ ကမ္ဘာ့ဖလား အတွက် စိန်ခေါ်မှုတွေရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာမှာပါ။ သူက ကျွန်တော် တို့ကို အများကြီး ကူညီပေးပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ရူဒီ ဂါစီယာက အရင် နည်းပြဟောင်း တာဒက်စကိုနဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီး လက်ရွေးစင် အသင်းနဲ့ ဝေးကွာနေခဲ့တဲ့ ဂိုးသမား တီဘို ကော့တွာစ် ကိုလည်း အသင်း အတွက် ပြန်လည် ရွေးချယ်သွားမှာ ဖြစ်ကြောင့် အတည်ပြုသွားခဲ့ပါတယ်။
ဂါစီယာက “ကျွန်တော်တို့ ဆီမှာ ဂိုးသမားကောင်းတွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော့် အမြင်အရတော့ တီဘီု (ကော့တွာစ်)က ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ဦးပါ။ သူ့ကို ရွေးချယ်လို့ ရရင် ကောင်းမှာပါ။ အပြုသဘောဆောင်တဲ့ အချက်ပြမှုတွေ ရှိပါတယ်။” လို့ ဂါစီယာက ပြောကြားခဲ့ပါတယ်။
ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း ကတော့ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာ ရလဒ် မကောင်းခဲ့ပဲ ၁၆ သင်း ရှုံးထွက် အဆင့် ကနေ လှည့်ပြန်ခဲ့ရသလို ယူအီးအက်ဖ်အေ နေးရှင်းလိဂ် မှာလည်း အုပ်စု တတိယနေရာသာ ရရှိခဲ့တာကြောင့် တန်းဆင်း ပလေးအော့ဖ် ကစားရဖို့လည်း ရှိနေပါတယ်။ ဒါကြောင့် ဘယ်လ်ဂျီယံ ဘောလုံး အဖွဲ့ချုပ်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ ခန့်အပ်ခဲ့တဲ့ နည်းပြ တာဒက်စကိုကို နှစ်နှစ် အကြာမှာပဲ ရာထူး ကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
ဥရောပ ကလပ် များစွာမှာ ကျင်လည်ခဲ့တဲ့ ၀ါရင့် နည်းပြ တစ်ဦး ဖြစ်တဲ့ ဂါစီယာ ကတော့ လာမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံ အသင်းကို အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးရမယ့်သူလည်း ဖြစ်ပါတယ်။ စာချုပ်သက်တမ်း ကလည်း ကမ္ဘာ့ဖလား ပြီးဆုံးချိန် အထိသာ ဖြစ်ပြီး ရလဒ်ပေါ် မူတည်ပြီး စာချုပ်သစ် ကိစ္စ အတွက် အဲဒီ အချိန်ရောက်မှသာ ဆက်လက် ဆွေးနွေးဖို့ ရှိနေတာ ဖြစ်ကြောင်း သိရသည်။
ဂါစီယာ ကတော့ ဘယ်လ်ဂျီယံ နည်းပြ ဘဝ ပထမဦးဆုံး ပွဲအဖြစ် လာမယ့် မတ်လထဲမှာ ယူကရိန်းနဲ့ နေးရှင်းလိဂ် တန်းဆင်း ပလေးအော့ဖ် အဆုံးအဖြတ် ၂ ပွဲ ယှဉ်ပြိုင်ရဖို့လည်း ရှိနေပါတယ်။ ဘယ်လ်ဂျီယံ ကတော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု J မှာ ဝေးလ်စ်၊ မြောက်မက်ဆီဒိုးနီးယား၊ ကာဇက်စတန်၊ လက်ချင်စတိန်း တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုချောင်နေတယ်လို့ ပြောနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.