ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ အက်တလက်တီကိုမက်ဒရစ်ရဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရသည်။ အဲလ်ဗာရက်ဇ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးမှာ ခြေစွမ်းပြ ကစားခဲ့ဖူးသူ ဖြစ်ပေမယ့် ပုံမှန် ပွဲထွက်ခွင့် မရရှိတာကြောင့် အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်ပါတယ်။
အဲလ်ဗာရက်ဇ်ဟာ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် အတွက် အခုရာသီမှာ ပြိုင်ပွဲစုံ ၄၄ ပွဲ ကစားရာမှာ ၂၃ ဂိုး သွင်းယူပြီး ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဥရောပထိပ်တန်း ကလပ် များစွာက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီးတော့ ဒီအထဲမှာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်လည်း ပါဝင်လာခဲ့တာပါ၊
လစ်ဗာပူးလ်ဟာ လာမယ့် နွေရာသီမှာ အီဂျစ် တိုက်စစ် ကစားသမား မိုဟာမက် ဆာလာနဲ့ လမ်းခွဲဖို့ နီးစပ်နေသလို၊ ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ကိုလည်း ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်က ဒီကစားသမား နှစ်ဦးရဲ့ နေရာမှာ ပြန်လည် အစားထိုးဖို့ အတွက် အဲလ်ဗာရက်ဇ်ကို စိတ်ဝင်စားနေတာ ဖြစ်ကြောင်း သိရသည်။
အစောပိုင်း သတင်းတွေအရ ဆိုရင် လစ်ဗာပူးလ်က နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တာ အိဆက်ခ်ကို ပိုမိုသဘောကျနေတာပါ။ ဒါပေမယ့်လည်း အိဆက်ခ် အတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေး ပမာဏက များပြားတာကြောင့် ခေါ်ယူဖို့ ခက်ခဲနိုင်ချေ ရှိတာကြောင့် အဲလ်ဗာရက်ဇ်ကို ပြောင်းလဲ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ အဲလ်ဗာရက်ဇ်ရဲ့ အေးဂျင့် ဖြစ်သူ ဖာနန်ဒို ဟိုင်ဒဲလ်ဂို ကလည်း သူ့ရဲ့ ကစားသမားကို ခေါ်ယူဖို့ အတွက် လစ်ဗာပူးလ်က စိတ်ဝင်စားနေကြောင်း အတည်ပြု ပြောကြားထားခဲ့ပါတယ်။

ဟိုင်ဒဲလ်ဂိုက “လစ်ဗာပူးလ်က ဟူလီယန်ကို ပြီးခဲ့တဲ့ နွေရာသီတုန်းက စိတ်ဝင်စားခဲ့တယ် ဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်။ အနာဂတ် အတွက်တော့ အခုအချိန်က ပြောဖို့ မှန်ကန်တဲ့ အချိန် မဟုတ်ပါဘူး။ ဟူလီယန်က လက်တလော အရေးကြီးတဲ့ ပြိုင်ပွဲတွေ ကစားဖို့ ရှိနေပြီးတော့ အဲဒီ အတွက်လည်း အပြည့်အဝ အာရုံစိုက်နေပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အေးဂျင့် ဖြစ်သူ အနေနဲ့ အဲလ်ဗာရက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ဘာမှ ပြောကြားထားခြင်း မရှိပေမယ့်လည်း လစ်ဗာပူးလ်နဲ့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေ ကိုတော့ ရပ်တန့်နိုင်ခြင်း မရှိသေးပါဘူး။ တစ်ဖက် မှာတော့ အက်တလက်တီကိုမက်ဒရစ် အားကစား ဒါရိုက်တာ ကားလို့စ် ဘူဆီရို ကတော့ အဲလ်ဗာရက်ဇ်ကို လုံးဝ လက်လွှတ်လိုခြင်း မရှိကြောင်း ပြောဆိုထားခဲ့ပါတယ်။
ဘူဆီရိုက “အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ လစ်ဗာပူးလ်က တရားဝင် ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းတွေက မမှန်ကန်ပါဘူး။ ခင်ဗျားတို့ ပြောနေတာတွေက ကောလာဟလ သက်သက်ပါပဲ။ အဲလ်ဗာရက်ဇ်က ကျွန်တော် တို့ရဲ့ ပရောဂျက် အတွက် သော့ချက် ဖြစ်သလို အရေးပါတဲ့ ကစားသမား ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ ကျွန်တော်တို့ သူ့ကို လက်လွှတ်သွားမှာ မဟုတ်ပါဘူး။ ကစားသမား ကလည်း ဒီလို ကောလဟာလတွေကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး။
အက်တလက်တီကိုမက်ဒရစ် ကတော့ အဲလ်ဗာရက်ဇ်ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ပေါင် ၈၁.၈ သန်းနဲ့ ခေါ်ယူခဲ့ပြီးတော့ စွယ်စုံရ တိုက်စစ်မှူး ကိုတော့ ၂၀၃၀ ခုနှစ် အထိ ၆ နှစ် စာချုပ်ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာချုပ်ချုပ်ဆိုခဲ့စဉ်က စာချုပ်ဖျက်သိမ်းကြေးကို ထည့်သွင်း ချုပ်ဆိုခဲ့ပုံ ရတာကြောင့် ကစားသမားရဲ့ ဆန္ဒအရသော် လည်းကောင်း အသင်း ဘက်က ရောင်းထုတ်ချင်ရင်သော် လည်းကောင်း အသင်း ပြောင်းရွှေ့နိုင်ခြေ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အနေနဲ့ အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အမှန်တကယ် ကြိုးပမ်းမယ် ဆိုရင်တော့ ပေါင် သန်း ၁၀၀နဲ့ အထက် သုံးစွဲရဖွယ် ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.