အလက်ဇန္တား လစ်ဗာပူးလ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကတော့ ဘယ်ဘက် ခြေထောက် အောက်ပိုင်းမှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလ အတန်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။ အိဆက်ခ်ဟာ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပြိုင်ဘက် နောက်ခံလူ ဗန်ဒီဗန်နဲ့ ထိခိုက်မိပြီး ဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။
အိဆက်ခ်ဟာ အဲဒီပွဲမှာ ဒုတိယပိုင်းမှ ဒဏ်ရာရသွားတဲ့ ကော်နာ ဘရက်ဒ်လီ အစား လူစားဝင် ကစားခဲ့ပြီး ၅၆ မိနစ်မှာ ဖလော်ရီယန် ဗစ်ဇ်ရဲ့ ဖန်တီးပေးမှု ကနေ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဂိုးသွင်းဖို့ ထပ်မံ ကြိုးစားရင်း စပါး နောက်ခံလူ မစ်ကီ ဗန်ဒီဗန်နဲ့ ထိခိုက်မိပြီး ကွင်းထဲမှာ လဲကျခဲ့ကာ ဆေးကုသမှု ခံယူခဲ့ပေမယ့် ပွဲကို ဆက်လက် မကစားနိုင်တော့ပဲ ဆေးအဖွဲရဲ့ အကူအညီနဲ့ ကွင်းထဲ ကနေ ထွက်ခွာခဲ့ရပါတယ်။
အိဆက်ခ်ရဲ့ ဒဏ်ရာကို MRI နဲ့ Scan ဖတ် စစ်ဆေးသွားမှာ ဖြစ်ပြီး ဘယ်လောက် အထိ အနားယူရမလဲ ဆိုတာတော့ မကြာခင်မှာ အဖြေထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဆွီဒင်သားရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်လို အတိအကျ မသိရသေးပေမယ့် ဗြိတိန် မီဒီယာတွေက အိဆက်ခ်ရဲ့ ဘယ်ဘက် ခြေထောက် အောက်နား ကျိုးသွားပုံ ရတယ်လို သုံးသပ် ဖော်ပြခဲ့ကြပါတယ်။ တချို့ကလည်း အိဆက်ခ်က ခြေထောက်ကျိုး ဒဏ်ရာကြောင့် ၂၀၂၆ ဧပြီလကုန်ပိုင်း အထိ အနားယူရတော့မယ်လို့ ဖော်ပြလျက် ရှိပါတယ်။ အိဆက်ခ် အတွက် ကံကောင်းတာက ဒူးအရွတ် စုတ်ပြဲတာမျိုး မဟုတ်တာကြောင့် နှစ်ကာလ ကြာရှည် အနားယူရခြင်းတော့ မရှိဘူးလို့ သိရပါတယ်။

အိဆက်ခ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် အသင်းထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဖြစ်တဲ့ ပေါင်သန်း ၁၃၀ ရောက်ရှိလာခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ တန်ကြေးနဲ့ ကိုက်ညီနဲ့ ခြေစွမ်းမျိုးတော့ ပြသနိုင်ခြင်း မရှိသေးပါဘူး။ ဆွီဒင် တိုက်စစ်မှူးက အန်ဖီးလ်ကို ရောက်ရှိချိန် ကတည်းက ကြံ့ခိုင်မှု ပြဿနာနဲ့ ရုန်းကန်နေရကာ အရန်ခုံထိုင်ရနေရတာ ဖြစ်ပါတယ်။ အိဆက်ခ်ဟာ လစ်ဗာပူးလ်ရဲ့ ချန်ပီယံဘွဲ့ ကာကွယ်ရေး အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခဲ့ပေမယ့်လည်း ပွဲချိန် အများစုကို အရံခုံမှာပဲ အချိန်ကုန်နေခဲ့ရပါတယ်။ အိဆက်ခ်ဟာ စပါးနဲ့ ပွဲမှာ သူ့ရဲ့ လစ်ဗာပူးလ် ကစားသမား ဘဝ တတိယမြောက် သွင်းဂိုး ရရှိခဲ့ပေမယ့် အခုတော့ ဒဏ်ရာ ပြဿနာနဲ့ ထပ်မံ ရင်ဆိုင်ခဲ့ရလို့ လစ်ဗာပူးလ် အတွက်ရော သူ့ အတွက်ပါ ကံဆိုးခဲ့ရတယ်လို့ပဲ ပြောရမှာပါ။
အိဆက်ခ်ဟာ ဒီရာသီမှာ လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၆ ပွဲ ကစားထားရသေးသလို ပရီးမီးယားလိဂ်မှာ ဆိုရင်လည်း မိနစ် ၅၀၀ ကျော်သာ ကစားရပါသေးတယ်။ အများစု ကတော့ အိဆက်ခ်က Flop သွားပြီ ဖြစ်ကြောင်း ဝေဖန်နေကြပြီး သူ့ရဲ့ လက်ရှိ ဒဏ်ရာ အခြေအနေကြောင့် သူ့လိုပဲ ခြေစွမ်းမပြနိုင်သေးတဲ့ ဖလော်ရီယန် ဗစ်ဇ်နဲ့ အတူ အရောင်း စာရင်း တင်ခံရဖွယ် ရှိကြောင်း ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။
တဖက်မှာလည်း လစ်ဗာပူးလ်က အဓိက တိုက်စစ် ကစားသမား မိုဟာမက် ဆာလာကို အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲ အတွက် စေလွှတ်ထားရချိန်မှာ အီဆက်ခ် ဒဏ်ရာရသွားတာက လစ်ဗာပူးလ်နဲ့ နည်းပြ အာနေး ဆလော့တ်တို့ အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။ လစ်ဗာပူးလ်က နောက်တစ်ပတ်မှာ အမှတ်ပေးဇယား အောက်ဆုံးက ဝုဗ်နဲ့ အိမ်ကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပြီး နှစ်သစ် မှာတော့ လိဒ်စ်နဲ့ အိမ်ကွင်း ပွဲစဉ် ဆက်တိုက် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


