ရီးရဲလ်မက်ဒရစ် ကတော့ ညက ကစားသွားတဲ့ လာလီဂါ ပွဲစဉ် ၂၇ ရဲ့ အစောဆုံး ပွဲစဉ်မှာ ဆဲလ်တာဗီဂိုကို ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားတဲ့ ဆဲလ်တာဗီဂိုက သူတို့ရဲ့ အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ဆီက အမှတ်ယူဖို့ အားခဲထားခဲ့ပေမယ့် ဗယ်လ်ဗာဒီရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် အသဲကွဲခဲ့ရတာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲစတင်ပြီး ၁၀ မိနစ်အတွင်းမှာပင် ရီးရဲလ်မက်ဒရစ်တို့ ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ ထရန့် အလက်ဇန္တား အာနိုးလ်ရဲ့ အကောင်းဆုံး ဖန်တီးပေးပို့မှု ကနေ တစ်ဆင့် ဗင်နီးစီးယပ်စ် ဂျူနီယာ အခွင့်အရေး ရခဲ့ပေမယ့်လည်း သူ့ရဲ့ ကန်ချက်က ဂိုးတိုင်ထိသွားခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၁၁ မိနစ်မှာ အာဒါ ဂူလာရဲ့ ပေးပို့မှု ကနေ တဆင့် အော်ရီလီယန် ချူအာမေနီက အပိုင်ကန်သွင်းကာ ရီးရဲလ်မက်ဒရစ် အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ၁၄ မိနစ် အကြာ (ပွဲချိန် ၂၅ မိနစ်) မှာ အိမ်ရှင် ဆဲလ်တာဗီဂိုတို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ဝီလီယော့တ် ဆွက်ဘတ်ဂျ်ရဲ့ ဖန်တီးပေးမှုက တစ်ဆင့် ဘော့ဂျာ အီဂလက်စီးယက်စ်က အပိုင် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီး မှာတော့ ဆွက်ဘတ်ဂျ်ရဲ့ ကန်ချက်ကို ဂိုးသမား ကော့တွာစ်က အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့် ရီးရဲလ်တို့ သက်သာရာရခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ရီးရဲလ်မက်ဒရစ်တို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၈၇ မိနစ်မှာ ဆယ်လ်တာဗီဂို ဝါရင့် တိုက်စစ်မှူး အီယာဂို အက်စ်ပတ်စ်ရဲ့ ကန်ချက် ဂိုးတိုင်ထိတာကြောင့် အိမ်ရှင်တို့ အနိုင်ဂိုးရဖို့ လက်တစ်ကမ်း အကွာမှ လွဲချော်ခဲ့ရပါတယ်။ ပွဲကစားချိန် ၉၄ မိနစ်ကို အရောက် မှာတော့ ရီးရဲလ်မက်ဒရစ်တို့ အဖိုးတန် အနိုင်ဂိုး ရရှိခဲ့ပါတယ်။ ဗယ်လ်လ်ဗာဒီရဲ့ ကန်ချက်က ဆယ်လ်တာဗီဂို နောက်ခံလူ မားကို့စ် အလွန်ဆိုနဲ့ ထိမှန်ကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ဇယားထိပ်က ဘာစီလိုနာထက် တစ်ပွဲ ပိုကစားထားပြီး ၁ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ အကယ်၍ ဒီညမှာ ဘာစီလိုနာသာ ဘီလ်ဘာအိုကို အနိုင်ရလိုက်ရင်တော့ ၄ မှတ် ပြန်လည် ပြတ်တောက်သွားမှာ ဖြစ်ပါတယ်။ ဆဲလ်တာဗီဂို ကတော့ လာလီဂါ နိုင်ပွဲ ဆက်နေမှု ရပ်တန့်ခဲ့ရပြီး အခုဆိုရင်တော့ အဆင့် ၅ နေရာက ဘက်တစ်ထက် တပွဲ ပိုကစားပြီး ၃ မှတ် ပြတ်နေပြီ ဖြစ်ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ချူအာမန်နီ အတွက် ပထမဂိုးကို ဖန်တီးပေးခဲ့တဲ့ အာဒါ ဂူလာဟာ ယခုရာသီမှာ ဂိုးဖန်တီးမှု (၈) ကြိမ် အထိ ရှိလာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဆဲလ်တာဗီဂို တိုက်စစ်မှူး အီဂလက်စီးယက်စ် ကတော့ ရီးရဲလ်မက်ဒရစ် နောက်တန်းကို တစ်ချိန်လုံး ခြိမ်းခြောက်နိုင်ခဲ့ပြီး ဒီရာသီ သူ့ရဲ့ ၁၁ ဂိုးမြောက် ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
အဲလ်ဗာရို အာဘီလိုအာရဲ့ အသင်းဟာ ဒီပွဲမှာ ခြေစွမ်းပိုင်း သိပ်မကောင်းခဲ့ပါဘူး။ သူတို့ရဲ့ မျှော်မှန်းဂိုး (xG) ဟာ ၀.၈၇ သာ ရှိခဲ့ပြီး ဆယ်လ်တာဗီဂိုရဲ့ မျှော်မှန်းဂိုး (xG) ၁.၀၅ ထက်တောင် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ဂိုးပေါက်တည့်မှု မှာလည်း ဆဲလ်တာဗီဂိုက (၄) ကြိမ်၊ ရီးရဲလ်မက်ဒရစ်က (၃) ကြိမ်သာ ရှိခဲ့ပါတယ်။
နှစ်သင်းစလုံးဟာ လာမယ့် တပတ်မှာ ဥရောပ ပွဲစဉ်တွေ ကစားရဖို့ ရှိပြီး ဆဲလ်တာဗီဂိုက ၁၃ ရက်နေ့မှာ လိုင်ယွန်နဲ့ ယူရိုပါလိဂ် ရှုံးထွက် ကစားရပါမယ်။ ရီးရဲလ်မက်ဒရစ် ကတော့ ၁၂ ရက်နေ့မှာ အစဉ်အလာ ပြိုင်ဘက်ကြီး မန်ချက်စတာစီးတီးနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ် နွှဲရမှာ ဖြစ်ပြီး ဒီကြားထဲ မှာတော့ အနားရနေမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


