ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား (GOAT) အငြင်းပွားမှုနဲ့ ပတ်သက်ပြီး လီယွန်နယ် မက်ဆီရော၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ပါ အသင်းဖော် အဖြစ် ကစားခဲ့ဖူးတဲ့ စပိန် နောက်ခံလူဟောင်း ဂျရတ် ပီကေးက သုံးသပ်မှုတွေ ပြုလုပ်လာခဲ့ပြန်ပါတယ်။ သူတို့ နှစ်ဦးဟာ တချိန်က လာလီဂါမှာ မကြာခဏ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အခုချိန်ထိ ဘယ်သူက ပိုကောင်းသလဲ ဆိုတာ ပရိသတ်တွေ အကြားမှာ ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။
လာလီဂါ ထိပ်သီး ဘာစီလိုနာနဲ့ စပိန် လက်ရွေးစင်ရဲ့ နောက်ခံလူဟောင်း ဂျရတ် ပီကေးက လီယွန်နယ် မက်ဆီကို သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ထားသူပါ။ ဒါပေမယ့် အခုတော့ ပီကေးက မက်ဆီရော ရော်နယ်ဒိုပါ ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး အခမ်းနားဆုံး ကစားသမား နှစ်ဦး ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဘောလုံးကမ္ဘာမှာ ခေတ်တစ်ခေတ်ကို ပုံဖော် လွှမ်းမိုးခဲ့တဲ့ ဒီစူပါစတား နှစ်ဦးစလုံးနဲ့ အသင်းဖော် အဖြစ် ကစားခွင့်ရခဲ့တဲ့ ကစားသမား ၃၀ ထက် မနည်းရှိရာမှာ ပီကေး ဟာလည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။ ပီကေးဟာ ကစားသမားဘဝ အစပိုင်း မန်ချက်စတာယူနိုက်တက်မှာ ရော်နယ်ဒိုနဲ့ အတူ ကစားခဲ့သူပါ။ အဲဒီနောက်ပိုင်း မှာတော့ ပီကေးက လာလီဂါကို ပြန်လာကာ မက်ဆီနဲ့ အတူ ဆယ်စုနှစ် တစ်ခုကျော်ကြာ အောင်မြင်မှုတွေ ရယူခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ရော်နယ်ဒို ကတော့ ရီးရဲလ်မက်ဒရစ်မှာ သူတို့ရဲ့ အဓိက ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။
“ကျွန်တော် သူတို့ နှစ်ယောက်လုံးနဲ့ ကစားခွင့်ရခဲ့ပါတယ်။ နှစ်ယောက်လုံးက ဘောလုံး သမိုင်းမှာ အကောင်းဆုံးတွေပါပဲ၊ ဒါပေမယ့် မက်ဆီက ရော်နယ်ဒိုထက် နည်းနည်းလေး ပိုသာတယ်လို့ ကျွန်တော် ထင်တယ်။” လို့ ပီကေးက The Last Run Podcasts မှာ ပြောကြားခဲ့ပါတယ်။
“သူတို့ နှစ်ယောက်လုံးက ကျွန်တော့်ကို ဆုဖလားတွေ ရရှိစေခဲ့ပါတယ်။ မော်စကိုမှာ ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် ဖလား ရတုန်းက ရော်နယ်ဒိုက ဂိုးသွင်းခဲ့သလို အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ဘာစီလိုနာ မှာလည်း မက်ဆီက ဒီလိုပါပဲ။” လို့ ပီကေးက ဆက်လက် ပြောပါတယ်။

ဒီအငြင်းပွားမှုဟာ ဘယ်အရာကို ပိုတန်ဖိုးထားသလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး လူတစ်ဦးချင်းစီရဲ့ အမြင်ပေါ်မှာ မူတည် ကွဲပြားနိုင်ကြောင်း ပီကေးက ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့ အမြင်အရ ‘ဗီဇပါရမီ’ နဲ့ ‘မလျှော့သော ဇွဲလုံ့လ’ ဆိုတဲ့ အချက် နှစ်ချက် အပေါ် မူတည်နေပါတယ်။
“သူတို့ နှစ်ယောက်လုံးက တိုက်စစ်မှူးတွေ ဖြစ်ပြီး မယုံနိုင်စရာကောင်းလောက်အောင် ဂိုးတွေ အများကြီး သွင်းယူခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကစားဟန် ကတော့ အလွန် ကွာခြားပါတယ်။ သင်က ဘယ်အရာကို ပိုပြီး တန်ဖိုးထားသလဲ ဆိုတာ အပေါ်မှာပဲ မူတည်ပါတယ်။”
ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပတ်သတ်ပြီး ပီကေးက “အကယ်၍ သင်က ကြိုးစား အားထုတ်မှု၊ စတေးမှု၊ ခေါင်းတိုက်ဂိုးတွေ၊ ပြစ်ဒဏ်ဘောတွေနဲ့ ပင်နယ်တီတွေကို ကောင်းကောင်း သွင်းနိုင်တဲ့ အချက်ကို တန်ဖိုးထားတယ် ဆိုရင်တော့ ရော်နယ်ဒိုဟာ အဲ့ဒီအရာတွေ အားလုံးမှာ သိသိသာသာကို ထူးချွန်သူပါ။ ရော်နယ်ဒိုဟာ စက်ရုံ တစ်ရုံလိုပါပဲ၊ Gymမှာ အရူးအမူး လေ့ကျင့်ခန်းဆင်းတယ်။ သူဟာ လေ့ကျင့်မှု အပိုင်း မှာတော့ ဘယ်သူနဲ့မှ မတူအောင် ပြင်ဆင်တဲ့သူပါ။” လို့ ဆိုပါတယ်။
လီယွန်နယ် မက်ဆီနဲ့ ပတ်သတ်ပြီး “တကယ်လို့ ဘောလုံးကစားတဲ့ နေရာမှာ ပင်ကိုယ်ပါရမီ သက်သက် ကိုပဲ ကြည့်မယ် ဆိုရင်တော့ ကျွန်တော့် အတွက် မက်ဆီပါပဲ။ သူ့မှာ ရှိတဲ့ ပါရမီ အဆင့်အတန်းမျိုးကို တခြား ဘယ်ကစားသမားမှာမှ ကျွန်တော် မမြင်ဖူးပါဘူး။ မက်ဆီရဲ့ ပါရမီ ကတော့ တကယ့်ကို ရူးသွပ်စရာကောင်းလောက်အောင် မြင့်မားတာပါ။” လို့ သုံးသပ်ခဲ့ပါတယ်။
လက်ရှိမှာ သူတို့ နှစ်ဦးစလုံးဟာ ကစားသမားဘဝ အကျပိုင်းကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် ဆယ်စုနှစ် တစ်ခုကျော်ကြာ ပြိုင်ဘက်တွေ အဖြစ် ထိပ်တိုက်တွေ့ခဲ့တဲ့ အမှတ်တရတွေ ကတော့ ဘောလုံး ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိနေမှာ သေချာပါတယ်။ ဒီပြိုင်ဆိုင်မှုဟာ ဘောလုံး အားကစားလောကကို ပြောင်းလဲစေခဲ့ပြီး သူတို့နှစ်ဦး အနားယူသွားသည့် တိုင်အောင် ဒီအငြင်းပွားမှု ကတော့ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


