ပေါ်တူဂီ အသင်းကို ၃ နှစ်ကျော်ကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ရောဘတ်တို မာတီနက်ဇ်ဟာ ရာထူး ကနေ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။ စပိန်ကို ရှုံးပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီးနောက် မှာတော့ နည်းပြ အဖြစ် ဆက်ရှိနေဖို့ “အဓိပ္ပာယ်မရှိတော့ဘူး” ဆိုကာ မာတီနက်ဇ်က ရာထူး ကနေ နှုတ်ထွက်ကြောင်း အတည်ပြု ကြေညာသွားခဲ့တာပါ။
ဒါးလတ်စ်ကွင်းမှာ ကစားခဲ့တဲ့ စပိန်နဲ့ ပွဲစဉ်မှာ ပေါ်တူဂီ အသင်းဟာ ပွဲချိန် ၉၁ မိနစ်မှာ စပိန် လူစားဝင် ကစားသမား မီခဲလ် မာရီနိုရဲ့ အနိုင်ဂိုးကြောင့် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ရတာပါ။ ပေါ်တူဂီ တို့ဟာ ဥရောပ ချန်ပီယံ စပိန်ကို တစ်ပွဲလုံး ရုန်းကန်ခဲ့ရပြီး နူနို မန်းဒက်စ်ရဲ့ ကန်ချက် လမ်းကြောင်းပြောင်းပြီး ဂိုးဘားတန်းထိခဲ့တာ ကပဲ သူတို့အတွက် အနီးစပ်ဆုံး ဂိုးရလုနီးပါး အခြေအနေ ဖြစ်ခဲ့ပါတယ်။ ဒီပွဲဟာ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို အတွက်လည်း ကစားသမားဘဝ နောက်ဆုံးသော ကမ္ဘာ့ဖလား ပွဲစဉ် ဖြစ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ဖာနန်ဒို ဆန်းတို့စ်ရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရတဲ့ အသက် ၅၂ နှစ် အရွယ် မာတီနက်ဇ်ဟာ ပေါ်တူဂီ အသင်းကို ပြိုင်ပွဲစုံ ၄၅ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၃၂ ပွဲ နိုင်၊ ၆ ပွဲ သရေ၊ ၇ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ သူဟာ ၂၀၂၄-၂၅ ရာသီ နေရှင်းလိဂ် ဗိုလ်လုပွဲမှာ စပိန်ကို ပင်နယ်တီနဲ့ နိုင်ပြီး ပေါ်တူဂီကို ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ဖူးပေမယ့် အခုအချိန် မှာတော့ အဝတ်လဲခန်းထဲမှာ “အသံသစ်၊ ခေါင်းဆောင်သစ်” တစ်ယောက် လိုအပ်နေပြီလို့ ဝန်ခံကာ ရာထူးကနေ ချက်ချင်း နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ မာတီနက်ဇ်က “ဒါဟာ သက်တမ်း တစ်ခုရဲ့ အဆုံးသတ်ပါပဲ။ အသံသစ်၊ ခေါင်းဆောင်သစ် တစ်ယောက် ရှိလာဖို့က အရေးကြီးပါတယ်။ ကျွန်တော် ပေါ်တူဂီမှာ ဖြတ်သန်းခဲ့တဲ့ ၃ နှစ်ခွဲ သက်တမ်းဟာ ကျွန်တော့် ဘဝရဲ့ အကောင်းဆုံး အတွေ့အကြုံ ဖြစ်ခဲ့သလို ပရိသတ်တွေ အတွက်လည်း အမှတ်တရကောင်းတွေ ကျန်ခဲ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကြိုတင် ဆုံးဖြတ်ထားခဲ့တာတော့ မဟုတ်ပါဘူး။ ကျွန်တော် ဒီကို လာတာ ကမ္ဘာ့ဖလား ရယူဖို့ ရည်မှန်းချက်နဲ့ လာတာ ဖြစ်ပြီး အခု မအောင်မြင်ခဲ့တဲ့ အတွက် ရာထူးမှာ ဆက်ရှိနေဖို့ အဓိပ္ပာယ် မရှိတော့ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

သူ့ရဲ့ သက်တမ်းကို ပေါ်တူဂီ ပရိသတ်တွေက အမှတ်တရကောင်း အဖြစ် မှတ်မိနေမလား၊ ဒါမှမဟုတ် ကျရှုံးမှု အဖြစ် သတ်မှတ်မလား ဆိုတဲ့ မေးခွန်းအပေါ် မှာတော့ မာတီနက်ဇ်က ဒေါသတကြီးနဲ့ပဲ “ပထမဆုံး အနေနဲ့ ကျွန်တော်တို့ မကျရှုံးခဲ့ပါဘူး။ ရေပန်းအစားဆုံး အသင်း တစ်သင်း ကိုပဲ ရှုံးခဲ့တာပါ။ ကျွန်တော်တို့ ခြေရည်တူ ကစားနိုင်ခဲ့သလို ကစားသမားတွေရဲ့ တစ်ဦးချင်း အရည်အချင်းတွေ ကိုလည်း အပြည့်အဝ ပြသနိုင်ခဲ့ပါတယ်။ နိုင်တာ ရှုံးတာထက် ကျွန်တော်တို့ နေရှင်းလိဂ် ရခဲ့တယ်၊ ပင်နယ်တီ ဆိုတာ အသေးစိတ် အချက်အလက်လေးတွေပါ။ ကျွန်တော် ကတော့ အသင်းရဲ့ တည်ငြိမ်မှု၊ သွင်းဂိုး အရေအတွက်နဲ့ ရမှတ်တွေကိုပဲ ကြည့်ပါတယ်။ ဒါဟာ လက်ရွေးစင် အသင်း အဆင့်မှာ လုပ်နိုင်ဖို့ တကယ်ခက်ခဲတဲ့ အရာပါ။ ကျွန်တော်တို့ နောက်ဆုံး မိနစ်အထိ ကြိုးစားခဲ့ကြပြီး အရာအားလုံး ပေးဆပ်ခဲ့ပါတယ်။ ကစားသမားတွေ ကလည်း စံပြဖြစ်လောက်အောင် ကောင်းမွန်ခဲ့ကြပါတယ်။ ဒါဟာ ဘောလုံးမှာတင်မကဘူး၊ ဘဝမှာပါ သင့်ကို အောင်နိုင်သူ ဖြစ်စေမယ့် အချက်ပါ။ ကျွန်တော် အကောင်းဆုံး အမွေအနှစ်တွေ ထားရစ်ခဲ့နိုင်တယ်လို့ ယူဆပြီး ကျွန်တော်တို့ အဖွဲ့သားတွေ အားလုံး အကောင်းဆုံး ပေးဆပ်ခဲ့တာကို ပရိသတ်တွေ မှတ်မိနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ တုံ့ပြန်သွားခဲ့ပါတယ်။
သေချာတာ ကတော့ ဘောလုံး သုံးသပ်သူတွေနဲ့ ပေါ်တူဂီ ပရိသတ် တော်တော်များများ ကတော့ ရော်ဘတ်တို မာတီနက်ဇ်ကို ‘ရွှေရောင်မျိုးဆက် အဆုံးသတ်သူ’ အဖြစ် သတ်မှတ်နေကြပြီး လာလည်း မနောက်နဲ့၊ နောက်လည်း မလာနဲ့ ဆိုပြီးတောင် သတ်မှတ်နေကြပြီ ဖြစ်ပါတယ်။ လက်ရှိ သတင်းတွေအရ ပြီးခဲ့တဲ့ရာသီက အဲလ်နာဆာ အသင်းမှာ ရော်နယ်ဒိုကို ပထမဆုံး အကြိမ် ဆော်ဒီပရိုလိဂ် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ဂျော့ဂျ် ဂျီးဆပ်စ် ဟာ မာတီနက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


