ပီအက်စ်ဂျီနဲ့ အခုတစ်ခါမှာတော့ UEFA ချန်ပီယံလိဂ် ပြိုင်ပွဲ သမိုင်းတလျှောက် ဘယ်ပွဲစဉ်က ဂိုးအများဆုံး စံချိန် တင်ထားသလဲ။ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအသွင်းအများဆုံး ပွဲစဉ်တွေက ဘယ်ပွဲတွေလဲ ဆိုတာ ဖော်ပြပေးသွားပါမယ်။
၁၉၉၂ ခုနှစ်မှာ ပြိုင်ပွဲပုံစံသစ် (ချန်ပီယံလိဂ်) အဖြစ် ပြောင်းလဲပြီး နောက်ပိုင်း ၉ ဂိုးနဲ့ အထက် သွင်းယူခဲ့တဲ့ ပွဲစဉ်ပေါင်း ၁၄ ပွဲ ရှိခဲ့ပါတယ်။ ဒီအထဲမှာ ၂၁.၄ ရာခိုင်နှုန်းဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ စတင် မိတ်ဆက်ခဲ့တဲ့ လိဂ်ပုံစံသစ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အသင်းပေါင်း ၃၆ သင်း ပါဝင်တဲ့ လိဂ်ပုံစံသစ်ကြောင့် အခုလို ဂိုးပြတ် ပွဲစဉ်တွေ များပြားလာခြင်း ဟုတ်မဟုတ်ဆိုတာ စဉ်းစားစရာ ဖြစ်ပေမယ့်လည်း၊ လက်ရှိ ဖြစ်ပေါ်ခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေ ကိုသာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဂိုးအများဆုံး ပွဲစဉ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁၂ ဂိုး သွင်းယူခဲ့တဲ့ပွဲ
ဒေါ့မန် ၈-၄ လီဂျီယာ ဝါဆော (၂၀၁၆၊ နိုဝင်ဘာ ၂၂)
၂၀၁၆-၁၇ ဘောလုံးရာသီ၊ အုပ်စု (F) ရဲ့ ပွဲစဉ် (၅) မှာ ဒေါ့မန်တို့ လီဂီယာဝါဆောကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ပါတယ်။ အဲဒီရာသီ အစောပိုင်း ပိုလန်မြေမှာ ကစားခဲ့စဉ် ကလည်း ဒေါ့မန်က ၆-၀ နဲ့ အနိုင်ရထားခဲ့ပါတယ်။ ပွဲစစချင်းမှာ ဒေါ့မန်တို့ အစောပိုင်းဂိုး ပေးလိုက်ရပေမယ့်လည်း ရှင်ဂျီ ကာဂါဝါရဲ့ သွင်းဂို ၂ ဂိုးနဲ့ နူရီ ဆာဟင်ရဲ့ ၁ ဂိုး တို့နဲ့ ၄ မိနစ် အတွင်း ၃ ဂိုး ပြန်သွင်းကာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ ၅-၂ နဲ့ ဦးဆောင်နေခဲ့ပြီး ဒါဟာ ချန်ပီယံလိဂ် သမိုင်းမှာ ပထမပိုင်း အတွင်း ဂိုးအများဆုံး ရရှိခဲ့သည့် ပွဲစဉ် အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာလည်း နောက်ထပ် ၅ ဂိုး ထပ်မံ ရရှိခဲ့ပြီး စုစုပေါင်း ၁၂ ဂိုးနဲ့ ချန်ပီယံလိဂ် သမိုင်းမှာ ဂိုးအများဆုံး ပွဲစဉ် အဖြစ် ယနေ့တိုင် မှတ်တမ်းတင်ထားဆဲ ဖြစ်ပါတယ်။
၁၁ ဂိုး သွင်းယူခဲ့တဲ့ ပွဲများ
မိုနာကို ၈-၃ ဒီပို့တီဗို လာ ကိုရူနာ (၂၀၀၃၊ နိုဝင်ဘာ ၅)
မိုနာကို အသင်းဟာ အဲဒီ နှစ်က ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့ပြီး မော်ရင်ဟိုရဲ့ ပေါ်တိုကို ရှုံးနိမ့်ကာ ဒုတိယရခဲ့ပါတယ်။ အုပ်စု အဆင့်မှတော့ ဒီပို့တီဗို အသင်းကို ၈-၃ နဲ့ အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပါတယ်။ မိုနာကိုက ဒါဒို ပါဆို က ၄ ဂိုး အထိ သွင်းယူခဲ့ပြီး ချန်ပီယံလိဂ် တစ်ပွဲတည်းမှာ ၄ ဂိုး သွင်းတဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဘေယန်မြူးနစ် ၉-၂ ဒိုင်နမို ဇာဂရက်ဘ် (၂၀၂၄၊ စက်တင်ဘာ ၁၇)
၂၀၂၄-၂၀၂၅ ရာသီရဲ့ ပထမပွဲစဉ်မှာ ဘေယန်မြူးနစ်က ဒိုင်နမိုဇာဂရက်ကို ၉ ဂိုး အထိ သွင်းယူကာ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ် တစ်ပွဲတည်းမှာ ၄ ဂိုး သွင်းတဲ့ ပထမဆုံး အင်္ဂလန် ကစားသမား ဖြစ်လာခဲ့ပြီး ပင်နယ်တီနဲ့ ဟက်ထရစ် ရယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
၁၀ ဂိုး သွင်းယူခဲ့တဲ့ပွဲ
ဘာစီလိုနာ ၂-၈ ဘေယန်မြူးနစ် (၂၀၂၀၊ သြဂုတ် ၁၄)
COVID-19 ကြောင့် ပွဲစဉ်တစ်ပွဲတည်းနဲ့ အဆုံးအဖြတ် ပေးခဲ့ရတဲ့ ကွာတားဖိုင်နယ် ပွဲစဉ် ဖြစ်ပါတယ်။ ဘာစီလိုနာ အတွက် ကံကောင်းတာက ကွင်း အတွင်း ပရိသတ် မရှိခြင်း ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ပွဲကစားချိန် ၈၂ မိနစ် နောက်ပိုင်းမှ သွင်းဂိုးတွေနဲ့ ဂိုးပြတ် နိုင်ပွဲကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဘာစီလိုနာ အသင်း အတွက် ၇၄ နှစ် အတွင်း ပထမဆုံးအကြိမ် ၈ ဂိုး အထိ ပေးလိုက်ရတဲ့ပွဲ ဖြစ်ပါတယ်။
၉ ဂိုး သွင်းယူခဲ့တဲ့ ပွဲစဉ်များ
- ပီအက်စ်ဂျီ ၇-၂ ရိုစင်ဘော့ဂ် (၂၀၀၀၊ အောက်တိုဘာ ၂၄)
- လိုင်ယွန် ၇-၂ ဝါဒါဘရီမင် (၂၀၀၅၊ မတ် ၈)
- ဗီလာရီးရဲလ် ၆-၃ အေအေဘီ (၂၀၀၈၊ အောက်တိုဘာ ၂၁)
- တော့တင်ဟမ်ဟော့စပါး ၂-၇ ဘေယန်မြူးနစ် (၂၀၁၉၊ အောက်တိုဘာ ၁)
- မန်ချက်စတာစီးတီဂ ၆-၃ လိုက်ပ်ဇစ် (၂၀၂၁၊ စက်တင်ဘာ ၁၅)
- ပီအက်စ်ဂျီ ၇-၂ မက်ကာဘီ ဟိုင်ဖာ (၂၀၂၂၊ အောက်တိုဘာ ၂၅)
- ဘင်ဖီကာ ၄-၅ ဘာစီလိုနာ (၂၀၂၅၊ ဇန်နဝါရီ ၂၁)
- လေဗာကူဆင် ၂-၇ ပီအက်စ်ဂျီ (၂၀၂၅၊ အောက်တိုဘာ ၂၁)
- ဘာစီလိုနာ ၇-၂ နယူးကာဆယ် (၂၀၂၆၊ မတ် ၁၈)
- ပီအက်စ်ဂျီ ၅-၄ ဘေယန်မြူးနစ် (၂၀၂၆၊ ဧပြီ ၂၈)
၁၉၉၂ မတိုင်မီ ဥရောပဖလား ခေတ်
ဘောလုံးလောကဟာ ၁၉၉၂ ခုနှစ်မှ စတင်ခဲ့ခြင်း မဟုတ်ပါဘူး။ ချန်ပီယံလိဂ် အဖြစ် အမည်မပြောင်းမီ ဥရောပဖလား ခေတ်မှာလည်း ဂိုးအများဆုံး ပွဲစဉ် တစ်ပွဲ ရှိခဲ့ပါတယ်။
၁၉၆၉ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်က ကစားခဲ့တဲ့ ဖီယင်နော့ဒ် ၁၂-၂ ကေအာ ပွဲစဉ်က စုစုပေါင်း ၁၄ ဂိုး အထိ ရှိခဲ့ပြီး ဥရောပပြိုင်ပွဲ သမိုင်းမှာ ဂိုးအများဆုံးပွဲ အဖြစ် ရပ်တည်နေပါတယ်။ အဲဒီပွဲမှာ ဖီယင်နော့ဒ်က ၁၀-၀ အထိ ဦးဆောင်ခဲ့ပြီးမှ အိုက်စလန် ကလပ် KR က ၂ ဂိုး ချေပနိုင်ခဲ့ကာ နောက်ဆုံးမှာ ၁၂-၂ နဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
အဲဒီခေတ်က အသင်းကြီးနဲ့ အသင်းငယ်တွေ အကြား ကွာဟချက် ကြီးမားတာကြောင့် ရီးရဲလ်မက်ဒရစ် ၈-၀ အိုလံပီယာကို့စ်၊ လိဒ်ယူနိုက်တက် ၁၀-၀ လင်း စတဲ့ ဂိုးပြတ် ပွဲစဉ်တွေ ပိုမို များပြားခဲ့ပေမယ့်လည်း ၁၂ ဂိုးနဲ့ အထက် ရှိတဲ့ ပွဲကတော့ ဖီယင်နော့ဒ်နဲ့ ကေအာ ပွဲစဉ် တစ်ပွဲသာ ရှိခဲ့ဖူးပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


